ဒုတိယ နဝဒေး
ဒုတိယ နဝဒေးသည် ဘိုးတော်ဘုရားလက်ထက်တွင် ဝက်မစွတ်မြို့ကိုစားရသော စာဆိုတော်ဖြစ်သည်။
နဝဒေး ငါးဦး
[ပြင်ဆင်ရန်]မြန်မာစာပေသမိုင်းတွင် နဝဒေးဘွဲ့ခံ စာဆိုတော်ငါးဦးရှိသည်ဟု ဆိုသည်။
- အင်္ကုရမည်သော ဇင်းမယ်နဝဒေး
- လှော်ကားသုံးထောင်မှူးခေါ် တောင်ငူနဝဒေး
- ရွှေတောင် နန္ဒသူခေါ် စလင်းနဝဒေး
- စစ်ကိုင်း ထောင်သင်း။ စလင်းလင်္ကျာ၊ ပြည်မှာ နဝဒေးဟု ကျော်ကြားသည့် ပြည် နဝဒေးကြီး
- ဝက်မစွတ်နဝဒေး တို့ပင်ဖြစ်သည်။
ပထမနဝဒေး သုံးဦးမှာ ပျို့လင်္ကာ၊ ကဗျာ ဝါသနာထုံသူတို့က အရေးအသား ပြောင်မြောက်သည်ကို လေးစားသဖြင့် ချီးကျူးခေါ်ဆိုခြင်းဖြစ်သည်။ ဘုရင်က ပေးသနားသော ဘွဲ့တော်မဟုတ်ပေ။ ပြည်နဝဒေးကြီးနှင့် ဝက်မစွတ်နဝဒေး တို့သာလျှင် ဘုရင်က ပေးသနားသော ဘွဲ့တော်ဖြစ်ပေသည်။ ထို့ကြောင့် ဝက်မစွတ်နဝဒေးကို ဒုတိယနဝဒေးဟု ခေါ်ဆိုခြင်း ဖြစ်ပေသည်။ ၉၂၈-ခုနှစ်တွင် ရာဇဌာနီ ချီ ဟံသာဝတီမြို့ဘွဲ့ရတုကို ရေးသားဆက်သ သဖြင့် ဘုရင့်နောင်က ပဌမနဝဒေးဘွဲ့ကို ပေးသနားသည်။ ပြည်နဝဒေးကြီး သို့မဟုတ် ပဋ္ဌမနဝဒေးကြီးကို ရတုနဝဒေးကြီးဟု လည်းခေါ်ကြသည်။
ဝက်မစွတ်နဝဒေးမှာ ၁၁၆၁-ခုနှစ်လောက်က ဘိုးတော်ဘုရားက နဝဒေးဘွဲ့ကို ပေးသနားခဲ့ခြင်း ဖြစ်သည်။ ဒုတိယနဝဒေး သို့မဟုတ် မော်ကွန်းနဝဒေးဟုလည်း ကျော်ကြားသည်။
အတ္ထုပ္ပတ္တိ
[ပြင်ဆင်ရန်]ဝက်မစွတ်နဝဒေးသည် သက္ကရာဇ် ၁၁၁၇-ခုနှစ်တွင် ဖွားမြင်သည်။ ငယ်မည်မှာ မောင်နု ဖြစ်သည်။ စစ်ကိုင်းမြို့နယ်၊ မြေလတ် ဆားတောင်မ ငါးရွာတွင် အပါအဝင်ဖြစ်သော ရွာဝေးရွာသူကြီး မျိုးရိုးဖြစ်သည်။ (ဆားတောင်မ ငါးရွာကား (၁)တောင်ပိုရွာ (၂)သူဋ္ဌေးကုန်းရွာ (၃)ရေကြည်ရွာ (၄)ရွာစိုက်ရွာ (၅)ရွာဝေးရွာ တို့ဖြစ်သည်။)
ဘိုးတော်ဘုရားက မောင်နုအား ရွာဝေးသူကြီး ခန့်ထားသည်။ ဗလနန္ဒသူ ဘွဲ့ကိုလည်း ပေးသနားသည်။ သက္ကရာဇ် ၁၁၆၀-ခုနှစ်တွင် ပုခန်းမင်းသား သတိုးမင်းရဲကျော်ခေါင်ကို ရွှေဂူမင်းသမီးနှင့် စုံဘက်ရာ၌ မင်္ဂလာလက်ထပ်ရတုကို ဆက်သွင်းသည်။ ထို့နောက် မင်္ဂလာလက်ထပ်ရတု၊ နားထွင်းသျှောင်ထုံး ရတုများ၊ ဘုန်းတော်ဘွဲ့ရတုများကို ရေးသားဆက်သွင်းရာ ရေကြည်မှအပြန်တွင် ဘိုးတော်ဘုရားက နဝဒေးဘွဲ့ကို ပေးသနားသည်။ ဝက်မစွတ်မြို့ကိုလည်း အပိုင်စားစေသည်။
မြေးတော်၊ သားတော်နားထွင်း သျှောင်ထုံးရတုများ၊ မင်းကွန်းနန်းတော်ဘွဲ့ရတု၊ အိမ်တော်သိမ်းရတုများကို ဆက်သရာတွင် စာပေအရေးအသား ပြောင်မြောက်သဖြင့် အတွင်းသံတော်ဆင့်ကြီး ခန့်တော်မူသည်။
သက္ကရာဇ် ၁၁၇၀-ခုနှစ်တွင် တွင်းသင်းတိုက်ဝန် မဟာစည်သူ အနိစ္စရောက်သည်။ ထိုအခါ ဒုတိယနဝဒေးကို တွင်းသင်းတိုက်ဝန်ရာထူး ပေးသနားခြင်းခံရသည်။ ထို့အပြင် မဟာသင်္ခယာစည်သူ၊ မဟာသီရိစည်သူ ဟူသော ဘွဲ့နှစ်ထပ်ကိုလည်း ချီးမြှင့်ပေးသနား ခံရသည်။ သက္ကရာဇ် ၁၁၈၅-ခုနှစ်တွင် မိတ္ထီလာကန်တော် မော်ကွန်းကို ရေးသားဆက်သွင်းသဖြင့် အချီးအမွန်းခံရသည်။
ဘကြီးတော်(စစ်ကိုင်းမင်း)လက်ထက်တွင် တက်ထွန်းဘုန်းကြွယ် ချီဘုန်းတော်ဘွဲ့ မင်္ဂလာရတုကို ရေးသားဆက်သွင်းရာ ရွာဝေးရွာကို ပေးသနားခံရပြန်သည်။ ဥတ္တမသီရိဘွဲ့ကို ချီးမြှင့်၏။
အိုမင်းမစွမ်းသောအခါတွင် ပတ္တမြားကျောက်စီ တောင်ဝှေးကို ပေးသနားသည်။ တံခါးနီအရောက် ပေါင်းယာဉ်စီး၍ ဝင်ခွင့်ရရှိသည်။
သာယာဝတီမင်း လက်ထက်တွင် ၁၂၀၂-ခုနှစ်၊ ပြာသိုလဆန်း(၂)ရက်နေ့၊ သက်တော် ၈၅-နှစ်တွင် အနိစ္စရောက်သည်။
ဝက်မစွတ်နဝဒေးသည် မော်ကွန်းတစ်ဆယ့်ငါးစောင် ရေးခဲ့သည်။ [၁]
- စာရင်းအရ ၁၆-စောင်ဖြစ်သည်။
ရေးသားခဲ့သော မော်ကွန်းများ
[ပြင်ဆင်ရန်]- မိတ္ထီလာကန်တော် မော်ကွန်း (၁၁၅၈-ခု)
- စန္ဒမုနိဘွဲ့ မော်ကွန်း (၁၁၆၈-ခု)
- ရခိုင်နိုင် မော်ကွန်း (၁၁၈၃-ခု)
- အာသံနိုင်မော်ကွန်း (၁၁၈၄-ခု)
- တရုတ်သံရောက် မော်ကွန်း (၁၁၈၅-ခု)
- ဘကြီးတော်ဘုရား နန်းဘွင့် မော်ကွန်း (၁၁၈၅-ခု)
- ဝိလာသိနီ မော်ကွန်း (၁၁၈၆-ခု)
- လောကဝိဒူ မော်ကွန်း (၁၁၉၄-ခု)
- ဗာဝရီ မော်ကွန်း
- သာမုဒြိက မော်ကွန်း
- မင်းကွန်းနန်းတော်ဘွဲ့ မော်ကွန်း
- အမရပူရမြို့ဘွဲ့ မော်ကွန်း
- ဣသျှံဂူ မော်ကွန်း
- ဒဝယ်နိုင် မော်ကွန်း
- ရဲတင်း မော်ကွန်း (၁၂၀၁-ခု)
- မုနိသျှစ်ဆူ မော်ကွန်း [၂]
ရေးသားခဲ့သော ရတုများ
[ပြင်ဆင်ရန်]- “ တက်ဖြိုးလျှံဝေ”ချီ ရတု (ပုခန်းမင်းသားနှင့် ရွှေဂူမင်းသမီး လက်ထပ်မင်္ဂလာရတု) ၁၁၅၈-ခု။
- “ လင်းပြည့်လင်္ကျာ”ချီရတု (မက္ခရာမင်းသား လက်ထပ်မင်္ဂလာရတု)
- “တက်ဖြိုးလျှံဖြာ”ချီရတု (မြင်စိုင်းမင်းသား လက်ထပ်မင်္ဂလာရတု)
- “စကြာနိုးဆွေ”ချီရတု (မြဝတီမင်းသား လက်ထပ်မင်္ဂလာရတု)
- “လျှံထွန်းဖြိုးစည်”ချီရတု (သရက်မင်းသား လက်ထပ်မင်္ဂလာရတု) နောင်တွင် ကုန်းဘောင်မင်း
- “တိုးပွားတက်ဝှန်”ချီရတု (မင်းတုန်းမင်းသား လက်ထပ်မင်္ဂလာရတု)
- “လင်းစည့်လျှံဝေ”ချီရတု (လှိုင်မင်းသား လက်ထပ်မင်္ဂလာရတု)
- “ပြောင်ရွှန်းတေဇာ”ချီရတု (ဘကြီးတော်ဘုရားနှင့် ပန်းတောင်းမင်းသမီး လက်ထပ်မင်္ဂလာရတု)