ရတနာသုံးပါး
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ရတနာသုံးပါး(အင်္ဂလိပ်: Three Jewels or Three Treasures) သို့မဟုတ် တြိရတန(သင်္သကရိုက်: त्रिरत्न triratna, ပါဠိ: tiratana)ဆိုသည်မှာ ဗုဒ္ဓဘာသာအရ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာဟူသော သုံးပါးသော ရတနာကို ရည်ညွှန်းသော စကားရပ်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ အမြင့်မြတ်ဆုံး ကိုးကွယ်ဆည်းကပ်ရာ သုံးပါးလည်း ဖြစ်သည်။
အနက်အဓိပ္ပာယ်များ[ပြင်ဆင်ရန်]
ရတနာသုံးပါးကို သင်္သကရိုက်ဘာသာစကားဖြင့် တြိရတ်န (Triratna) ဟူ၍ သုံးနှုန်းပြီး ပါဠိဘာသာဖြင့် တိရတန (Ti-ratana) ဟူ၍ ခေါ်ဝေါ်သည်။[၁]
ရတနာသည် နှစ်သက်ဖွယ်ကောင်းသော၊ မြတ်နိုးဖွယ်ကောင်းသော အရာဖြစ်သည်ဟု မြန်မာစာအဖွဲ့၏ အဘိဓာန်တွင် ဖွင့်ဆိုသည်။ [၂] ပါဠိဘာသာစကားဖြင့် ရတန ဟူ၍ သုံးနှုန်းသည်။ "စိတ္တိကတံမဟဂ္ဃဉ္စ၊ အတုလံ ဒုလ္လဘဒဿနံ" ဟူသော ပါဠိဂါထာတစ်ပုဒ်တွင် ရတနာ ခေါ်ဆိုပုံနှင့်ပတ်သက်၍ အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်နိုင်သည်။ စိတ္တကတံ သည် လူတိုင်းနှစ်သက်၊ ကျေနပ်သောအရာဖြစ်သည်။ မဟဂ္ဃတ သည် တန်ဖိုးကြီး၏ ဟူ၍ အဓိပ္ပာယ်ရှိကာ အတုလ ၏ သဘောသည် နှိုင်းယှဉ်၍ မရနိုင်သော အဓိပ္ပာယ်ရပြီး ဒုလ္လဘဒဿန သည် တွေ့မြင်ရန်ခဲယဉ်းသော အနက်ရရှိ၏။[၃]
ရတနာကို လောကီရတနာနှင့် လောကုတ္တရာ ရတနာဟူ၍ အုပ်စုနှစ်ခုခွဲခြားနိုင်သည်။ လောကုတ္တရာရတနာနှင့် ပတ်သက်၍ ထေရဝါဒ၊ မဟာယာနနှင့် အခြားသော ဗုဒ္ဓဘာသာများတွင် ရတနာသုံးပါးရှိကြသည်။ ထိုရတနာသုံးပါးမှာ :
- ဗုဒ္ဓရတနာ (သို့) ဘုရားရတနာ
- ဓမ္မရတနာ (သို့) တရားရတနာ
- သံဃရတနာ (သို့) သံဃာရတနာ တို့ဖြစ်ကြသည်။
ဖော်ပြပါ ရတနာသုံးပါးကို သရဏဂုံသုံးပါးဟူ၍လည်း အမည်တစ်မျိုးဖြင့် ခေါ်ဝေါ်ကြ၏။[၄]
လောကီလောကုတ္တရာ ရတနာနှစ်မျိုးတို့ကို ရတနာခေါ်ဆိုခြင်း အကြောင်းမှာ−
- အရိုအသေပြုအပ်ခြင်း၊
- အဖိုးများစွာ ထိုက်တန်ခြင်း၊
- အတုမရှိခြင်း၊
- မြင်ရခဲခြင်း၊
- မြင့်မြတ်သောသူတို့ အသုံးအဆောင်ဖြစ်ခြင်း တို့ဖြစ်ကြသည်။[၄]
ရတနသုတ်တွင် ရတနာဟူသော အရာများသည် လူ့ပြည်တွင်သာမက ဗြဟ္မာပြည်၊ နတ်ပြည်၊ နဂါး၊ ဂဠုန်ပြည်တို့တွင်လည်း ရတနာများစွာရှိပေသည်။ သို့သော်လည်း ဗုဒ္ဓ၊ ဓမ္မ၊ သံဃ ဟုဆိုအပ်သော ရတနာသုံးပါးနှင့် တူသော၊ နှိုင်းယှဉ်နိုင်သော ရတနာမရှိဟု ဖော်ပြသည်။[၃] ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ရတနာသုံးပါးကို အခြားရတနာများကဲ့သို့မဟုတ်ဘဲ အမြင့်ဆုံးအနေအထား၌ ထားရှိ၍ ကိုးကွယ်ဆည်းကပ်ကြသည်။
ဗုဒ္ဓဘာသာရွတ်ဆိုပုံများ[ပြင်ဆင်ရန်]
ထေရဝါဒဗုဒ္ဓဘာသာ[ပြင်ဆင်ရန်]
ထေရဝါဒဗုဒ္ဓဘာသာတွင် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ရာ၌ ဤသို့ တစ်ညီတည်း ရွတ်ဆိုကြသည်။
- ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
- Buddham saranam gacchāmi
- ဗုဒ္ဓဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
- ဓမ္မံ သရဏံ ဂစ္ဆာမိ
- Dhammam saranam gacchāmi
- ဓမ္မတရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
- သံဃံ သရဏံ ဂစ္ဆာမိ
- Sangham saranam gacchāmi
- သံဃာတော်များကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
မဟာယာနဗုဒ္ဓဘာသာ[ပြင်ဆင်ရန်]
မဟာယာနဗုဒ္ဓဘာသာတွင် တရုတ်ဘာသာစကားအားဖြင့် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ရာ၌ ဤသို့ရွတ်ဆိုကြသည်။
- ဗုဒ္ဓဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ များလူသတ္တဝါများ ဘုရားဟောကြားတရားများကို နားလည်ကြ၍ အကြီးမြတ်ဆုံး သံန္နိဋ္ဌာန် ရှိကြပါစေ။
自 皈依佛 ,當 願 眾生,體 解 大道 ,發 無上 心 。
- ဓမ္မတရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ များလူသတ္တဝါများ ဓမ္မတရားများ (သုတ္တံများ) ကို နားလည်ကြ၍ ဉာဏ်ပညာသည် ပင်လယ်အလား ကျယ်ပြန့်ကြပါစေ။
自 皈依法 ,當 願 眾生,深入 經藏 ,智慧 如海。
- သံဃာတော်များကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ များလူသတ္တဝါများသည် သံဃာအား အနှောက်အယှက်မပြုမိစေဘဲ သံဃာညီညွတ်စေရန် ပြုမူနိုင်ကြပါစေ။
တိဘက်ဗုဒ္ဓဘာသာ[ပြင်ဆင်ရန်]
တိဘက်ဗုဒ္ဓဘာသာတွင် ကိုးကွယ်ဆည်းကပ်ရာ သုံးပါးကို ဖော်ထုတ် ဖော်ပြထားမှုရှိသည်။ ရတနာသုံးပါးကို ပုံစံအားဖြင့် သုံးခုထပ်မံ ခွဲခြားသောအခါ အပြင်၊ အတွင်း၊ လျှို့ဝှက် ပုံစံဟူ၍ ဖြစ်သည်။ အပြင်ပုံစံ မှာ တြိရတန ဟုခေါ်တွင်ပြီး ဘုရား၊ တရား၊ သံဃာ ဖြစ်သည်။ အတွင်းပုံစံမှာ အမြစ်သုံးသွယ် ဖြစ်၍ လျှို့ဝှက်ပုံစံမှာ တြိကာယ (trikaya or three bodies) ဖြစ်သည်။[၅]
ဂျိန်းဘာသာ[ပြင်ဆင်ရန်]
ဂျိန်းဘာသာ၌ ရှိသောရတနာသုံးပါးကို ရတ်နထြယ (ratnatraya) ဟူ၍ ခေါ်ဆိုသည်။ ယင်းသုံးပါးမှာ မှန်ကန်သော ယုံကြည်မှု (Samyak Darshana)၊ မှန်ကန်သော အသိပညာ (Samyak Gyana သို့ samyagjnana) နှင့် မှန်ကန်သော အကျင့် (Samyak Charitra) တို့ဖြစ်ကြ၍ ဂျိန်းဘာသာအရ လွတ်မြောက်ရာလမ်း (သို့) ဝိမုတ္တိမဂ် ဖြစ်သည်။ ဂျိန်းဘာသာ၏ ရတနာသုံးပါးကို အနုပညာသရုပ်ဖော်ရာတွင် ခက်ရင်းခွသုံးချောင်း အဖြစ် ဖော်ပြကြသည်။[၁]
ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]
ကိုးကား[ပြင်ဆင်ရန်]
- ↑ ၁.၀ ၁.၁ [https://www.britannica.com/topic/Triratna Triratna; Buddhism and Jainism]။
- ↑ Burmese Orthography, Myanmar Language Commission, 1993.
- ↑ ၃.၀ ၃.၁ ဒေါက်တာနန္ဒမာလာဘိဝံသ။ ရတနသုတ်အနှစ်ချုပ်။
- ↑ ၄.၀ ၄.၁ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
- ↑ Rinpoche၊ Patrul။ Words of My Perfect Teacher: A Complete Translation of a Classic Introduction to Tibetan Buddhism (Sacred Literature) (2011 ed.)။ Yale University Press။ pp. 176–177။ ISBN 0-300-16532-3။