(Translated by https://www.hiragana.jp/)
ဂျစ်ပစီလူမျိုး - ဝီကီပီးဒီးယား မာတိကာသို့ ခုန်သွားရန်

ဂျစ်ပစီလူမျိုး

ဝီကီပီးဒီးယား မှ

ဂျစ်ပစီလူမျိုး(Gypsy)

ဥရောပတိုက်တွင် အိုးအိမ်အတည်တကျမရှိဘဲ တစ်နေရာမှ တစ်နေရာသို့ ခြေသလုံးအိမ်တိုင်ပြု၍ လှည့်လည် သွားလာနေ ထိုင်သော လူမျိုးကို ဂျစ်ပစီဟု ခေါ်သည်။ ဂျစ်ပစီတို့ကို ရှေးအခါက အိန္ဒိယနိုင်ငံ၌သာ တွေ့ရသည်။ ၁၃ဝဝ ပြည့်နှစ် လောက်က ဂျစ်ပစီတို့သည် အိန္ဒိယနိုင်ငံမှ ထွက်ခွာလာကြ၍ အီရန်နိုင်ငံကို ဖြတ်ကျော်ပြီးနောက် အာမေးနီးယားပြည်၊ ဆီးရီးယားပြည်၊ အီဂျစ်နိုင်ငံ နှင့် မြောက်အမေရိကတိုက်သို့ ရောက် သွားခဲ့ကြ၏။ ၁၅ဝဝ ပြည့်နှစ်ခန့်သို့ ရောက်သောအခါ သူတို့ သည် ဥရောပတိုက်သို့ ဝင်ရောက်မိကြ၍ စပိန်၊ အင်္ဂလန်၊ ရိုမေးနီးယား၊ ဟန်ဂေရီ၊ ရုရှနှင့် ပြင်သစ်တိုင်းပြည်များတွင် အခြေစိုက်မိကြ၏။

ဂျစ်ပစီတို့ ဘာသာစကားကို ရိုမနီဘာသာဟု ခေါ်သည်။ ထိုဘာသာထဲတွင် ဂရိ၊ အာမီးနီးယန်းနှင့် ဆလားဗစ်စကားများ ပါဝင်သည်။ သူတို့တွင် ဘာသာစကားသီးသန့်ဟူ၍ မရှိချေ။ ရိုမနီဘာသာသည် ၁၄ မျိုးကွဲ၍ အခြားဘာသာစကားများနှင့် ရောနှောထွေးယှက်ကာ ကပြားဘာသာစကား ဖြစ်နေ သည်။ ထိုရိုမနီဘာသာစကားမှာ ဂျစ်ပစီတို့ ဘိုးဘွားများ လက်ထက်ကတည်းက သုံးစွဲလာသော ဘာသာဖြစ်၍ ရှေးကျသော သင်္သကရိုဋ် (သက္ကဋ) ဘာသာနှင့် ပြကရိုဋ်ဘာသာတို့၌သာ မူတည်၏။ ဂျစ်ပစီတို့သည် သူတို့၏ ဓလေ့ထုံးစံများကို လွန်စွာ အရေးထားလိုက်နာကြ၏။

ယေဘုယျအားဖြင့် ဂျစ်ပစီလူမျိုးတို့၏ အရပ်အမောင်းမှာ ၅ ပေ ၄ လက်မသာသာ မြင့်၏။ ရှေးကျသော ဂျစ်ပစီတို့မှာ အသားမည်း၍ မျက်လုံးအိမ်နက်၏။ ဆံပင်မှာမည်း၍ များသောအားဖြင့် ကုပ်ပေါ်ဝဲနေတတ်၏။ ဆံရှည်ဟူ၍ မထားကြချေ။ တစ်နေရာမှ တစ်နေရာသို့ လှည့်လည်သွားလာနေကြသော ဂျစ်ပစီတို့မှာ ထိုရှေးကျသော ဂျစ်ပစီများနှင့် ပုံပန်းသဏ္ဌာန် ခပ်ဆင်ဆင် တူ၏။ သို့ရာတွင် တစ်နေရာရာ၌ အတည်တကျ စွဲမြဲ၍ နေတတ်သော ဂျစ်ပစီတို့မှာ များသောအားဖြင့် သူတို့ အခြေစိုက်ရာဒေသရှိလူမျိုးများဘက်သို့ နွယ်၍ ရုပ်ပြောင်းသွားတတ်၏။ နေရာအတည်တကျ မနေထိုင်ကြဘဲ ကြုံရာအလုပ်များကို လုပ်ကိုင်စားသောက်လေ့ရှိသည်။ အစုလိုက်ပြောင်းလေ့ရှိသည်။ []

ဂျစ်ပစီလူမျိုးတစ်စု တစ်စုတွင် သူတို့တင်မြှောက်ထားသော အကြီးအကဲများကို ဘုရင်နှင့် ဘုရင်မဟု ခေါ်ကြသည်။ ထို ဘုရင်နှင့် ဘုရင်မတို့က အုပ်ချုပ်ကာ ကိုယ့်လူစုနှင့်ကိုယ် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသွားလာနေထိုင်ကြ၏။ ရွှေ့ပြောင်းသည့်အခါ သူတို့၏ အိမ်ထောင်ပစ္စည်းကလေးများ၊ သားသမီးများနှင့် မွေးမြူထားသောခွေးများကို ရထားပေါ်သို့ တင်ဆောင်သွားတတ်၏။ ဂျစ်ပစီတို့သည် အလွန်တောက်ပ သော အရောင်များကို နှစ်ခြိုက်၏။ အဝတ်အစားများကိုသော် လည်းကောင်း၊ အသုံးအဆောင်ပစ္စည်းများကိုသော်လည်းကောင်း တောက်ပစွာ ဆင်ယင် ခြယ်လှယ်ထား၏။ ဂျစ်ပစီမိန်းမများမှာ ဇာထိုး၊ ပန်းချုပ်၊ ဗေဒင်ဟောခြင်းတို့၌ ကျွမ်းကျင်၏။ အဝတ် အစားများကို ဇာပန်းများ ထိုးထားလေ့ရှိ၏။ မိန်းမများသည် လက်ဝတ်လက်စားများကို အလွန်မက်ကြ၏။ ရွှေလက်ကောက် ကြီးများ ဝတ်ကာ နားနှစ်ဖက်၌လည်း ရွှေနားကွင်းများကို တစ်ချွင်ချွင်မြည်အောင် ဆွဲထားတတ်ကြလေသည်။

ဂျစ်ပစီတို့မှာ တစ်စုနှင့်တစ်စု ဓလေ့ထုံးစံချင်း မတူကြချေ။ သို့သော် ဂျစ်ပစီလူမျိုးစုတိုင်း၌ပင် ပွဲတော်နေ့များ၊ ပျော်ပွဲဲရွှင်ပွဲ ကခုန်ပွဲများ ရှိကြလေသည်။ ပွဲတော်ကျင်းပသည့်ညများ၌ စခန်း ချရာ တဲများရှေ့တွင် မီးပုံကြီးများပုံ၍ ယောက်ျားများက အတီး အမှုတ်များတီးကာ မိန်းမကလေးများက သီချင်းများဆိုပြီးလျှင် ကခုန်မြူးထူးကြ၏။ ဂျစ်ပစီတို့မှာ ပျော်ပျော်နေတတ်သည်။ အခြေအတည်တကျ မရှိချေ။ ရှေးကျသော ဂျစ်ပစီတို့မှာ အသက်မွေးဝမ်းကျောင်း မကောင်းချေ။ ရပ်ရွာထဲ၌လှည့်လည်၍ ခိုးဝုက်တိုက်ခိုက် လိမ်လည်လှည့်ဖြား၍ စားတတ်၏။အမေရိက တိုက်နှင့် ဥရောပတိုက်ရှိ ဂျစ်ပစီတို့မှာ အများအားဖြင့် ဆင်းရဲ နွမ်းပါးသူများဖြစ်ကြသည့်အတိုင်း တစ်ဝမ်းတစ်ခါးဝအောင်မျှပင် မစားသောက်နိုင်ကြချေ။

ဂျစ်ပစီတို့တွင် ထူးဆန်းသော ဓလေ့ထုံးစံများ ရှိသည်၊ မွေးခါစ နို့စို့ကလေးကို ရေစီးနေသောမြစ်ချောင်းထဲတွင် ရေချိုး ပေးရ၏။ လက်ထပ်ပွဲတွင် သတို့သားနှင့် သတို့သမီးသည် မီးပုံပေါ်လွှားခုန်၍ သူတို့၏လက်များကို ဓားနှင့်ခြစ်ပြီးလျှင် လက်နှစ်ဖက်ကို စည်းနှောင်ထားရသည်။ ထိုသို့ ပြုလုပ်ခြင်း မှာ သွေးချင်းရောသွားစေရန် ဖြစ်သည်။ လူတစ်ယောက် သေ လျှင်လည်း ထိုသူ၏ပစ္စည်းဝန်ထုပ်အားလုံးကို မီးတင်ရလေ သည်။

ဂျစ်ပစီယောက်ျားများ၏ သက်မွေးဝမ်းကျောင်းပညာမှာ မမာသောမြင်းများကို ဆေးကုပေးခြင်း၊ သတ္တုထည်များလုပ် ခြင်း၊ ပန်းပဲလုပ်ခြင်း၊ ဆပ်ကပ်ပွဲပြခြင်း၊ တီးမှုတ်သီဆိုခြင်း တို့ဖြစ်၏။ မိန်းမများကမူ ဗေဒင်ဟောခြင်း၊ နက္ခတ်ကြည့်ခြင်း၊ ဇာထိုးခြင်းတို့ဖြင့် ဝမ်းကျောင်းကြ၏။ အလုပ်အကိုင် ရှားပါး သည့် အခါများ၌ ဂျစ်ပစီတို့သည် သူတောင်းစားဘဝကိုပင် ရောက်ခဲ့ကြရ၏။ ဂျာမနီနိုင်ငံ၌ သွားရောက်နေထိုင်ကြသော ဂျစ်ပစီတို့မှာ ဟစ်တလာလက်ထက်က နာဇီတို့၏ နှိပ်စက် ညဉ်းပန်းမှုတို့ကို များစွာခံခဲ့ကြရ၏။ နာဇီများကသူတို့ကို လူရာမဝင်သောသူများဟု ရှုတ်ချကာ သူတို့၏နေရေး ထိုင်ရေး၊ ရွှေ့ပြောင်းသွားလာရေး၌ များစွာ တားမြစ်ခဲ့၏။ အမေရိက တိုက်နှင့် ဥရောပတိုက်ရှိ အချို့ဒေသများ၌ ဂျစ်ပစီတို့ကို နေရာ မရွေ့ပြောင်းရန် ပြင်းထန်စွာ ဥပဒေဖြင့် တားမြစ်ထားလေသည်။ []

ကိုးကား

  1. လှသမိန် ၏ ဗဟုသုတစွယ်စုံ
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)