(Translated by https://www.hiragana.jp/)
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အမျိုးသားပြတိုက် (နေပြည်တော်) ပထမအဆင့်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး | Ministry Of Information
The Wayback Machine - https://web.archive.org/web/20151222173752/http://www.moi.gov.mm/?q=news/15/07/2015/id-7416

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အမျိုးသားပြတိုက် (နေပြည်တော်) ပထမအဆင့်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး

နေပြည်တော် ဇူလိုင် ၁၅

ဇာတိဂုဏ်မြင့်မားသည့် ယဉ်ကျေးမှုအမွေအနှစ်များကို နိုင်ငံနှင့်လူမျိုး၏ ဂုဏ်ဒြပ် နှင့်ကိုက်ညီသည့် နိုင်ငံတော်အဆင့် အမျိုးသားပြတိုက်ကြီးအဖြစ် ခင်းကျင်း ပြသနိုင်ရန် ရည်ရွယ်ချက်ဖြင့် အမျိုးသားပြတိုက် (နေပြည်တော်) ပထမအဆင့် ဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါပြတိုက်၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်အမှာစကား ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ၊ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်နှင့် ဦးသန်းဆွေတို့က အမျိုးသားပြတိုက် (နေပြည်တော်)ပထမအဆင့်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ဒုတိယသမ္မတ က မြန်မာနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ၁၉၅၂ ခုနှစ်မှ စပြီး အမျိုးသားပြတိုက်နှင့် အမျိုးသားစာကြည့်တိုက်များကို ဖွဲ့စည်း တည်ထောင်ခဲ့ပါကြောင်း၊ ထို့အတူ ၁၉၆၃ ခုနှစ်မှစပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင်လည်း  ယဉ်ကျေးမှုပြတိုက်များကို တည်ဆောက်ခင်းကျင်းပြသခဲ့ပါကြောင်း၊ ထို့ကြောင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် အမျိုးသားပြတိုက်များ၊ ရှေးဟောင်း သုတေသနပြတိုက်များ၊ ယဉ်ကျေးမှု ပြတိုက်များ၊ အထိမ်းအမှတ်ပြတိုက်များနှင့်  ဗုဒ္ဓပြတိုက်များ စသည်ဖြင့် ပြသရာပစ္စည်း အမျိုးအစားအလိုက် အကြောင်းအရာ အလိုက် ခွဲခြားထားပြီး ယနေ့ထိ ပြတိုက်ပေါင်း (၃၀) ခင်းကျင်းပြသထားလျက် ရှိပါကြောင်း။

အမျိုးသားပြတိုက်များတွင် နိုင်ငံ၏ ရှေးဦးသမိုင်းမတင်မီ ကာလမှ စတင်၍ ခိုင်မာသည့် သမိုင်းကြောင်းအဆင့်ဆင့်၊ တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် ယဉ်ကျေး မှုအမွေအနှစ်ပစ္စည်းများ၊ တိုင်းရင်းသားတို့၏ ရိုးရာလက်မှုပစ္စည်းများ၊ အနုသုခုမ ပညာများ၊ စာပေအထောက်အထားဆိုင်ရာများနှင့် ခေတ်အဆက်ဆက် ယဉ်ကျေးမှု ဗိသုကာလက်ရာများကို ပြသထားပါကြောင်း။

ပြတိုက်များသည် နိုင်ငံတစ်နိုင်ငံ၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ဆက်စပ်ပေးရာ နေရာတစ်ခုဖြစ်သည်နှင့်အညီ မိမိတို့လူမျိုး၏ သမိုင်းအစဉ်အလာများ၊ စွမ်းဆောင်ချက်များကို ဖော်ထုတ်ပြသပေးရာ နေရာဖြစ်သောကြောင့် အမျိုးသားရေး အတွက် အလွန်အရေးပါကြောင်း၊ ထို့ကြောင့် လူငယ်များအနေဖြင့် ပြတိုက်များကို မဖြစ်မနေ သွားရောက်လေ့လာခြင်းအားဖြင့် နိုင်ငံ့သမိုင်း၊ နိုင်ငံနှင့် မျိုးချစ်စိတ်များကို ဖော်ဆောင်ပေးရာ ရောက်မည်ဖြစ်ပါကြောင်း။

ယခု ဖွင့်လှစ်လိုက်သည့် အမျိုးသားပြတိုက်ကြီးတွင် ခေတ်အဆက်ဆက် ထွန်းကားခဲ့သည့် မြန်မာ့ယဉ်ကျေးမှုများကိုဖော်ထုတ်ပြသထားပြီး ယဉ်ကျေးမှု အနုသုခုမများကို ပြသထားသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယနေ့ အချိန်တွင် ပြတိုက်များသည် ပညာပေးရေးလုပ်ငန်း သက်သက်မဟုတ်တော့ဘဲ အပန်း ဖြေနိုင်သည့် နေရာတစ်ခုအဖြစ်လည်း တီထွင်ကြံဆ ပြသသွားရန်နှင့် အမျိုးသား ပြတိုက်(နေပြည်တော်)၌ ခင်းကျင်းပြသရာတွင် သမိုင်းအမြင်၊ ရှေးဟောင်းသုတေသန အမြင်၊ အနုပညာအမြင်နှင့် ယဉ်ကျေးမှုအမြင်များဖြင့် ပြသရန်လိုအပ်သကဲ့သို့ ပြည်သူလူထု လွယ်လင့်တကူ လေ့လာမှတ်သားနိုင်စေရန် အတွက်လည်း ဆောင်ရွက် ပေးရန် လိုအပ်ပါကြောင်း။

ထို့အတူ ပြတိုက်ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူလူထုအား မိမိတို့၏ ယဉ် ကျေးမှုနှင့် သမိုင်းကြောင်းကို မြတ်နိုးတန်ဖိုးထားတတ်သည့် စိတ်ဓာတ်များ ကိန်း အောင်းလာစေရန် အသိပညာပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ရှေ့လာမည့်ကာလများ တွင် တည်ဆောက်ဖွင့်လှစ်ရန် စီစဉ်ထားသည့် အဆောက်အအုံနှင့် အဆောင်များ ကိုလည်း အပိုင်းအလိုက် ဆက်လက်ဖွင့်လှစ်နိုင်ရန် ကြိုးစားဆောင်ရွက် သွားကြရမည် ဖြစ်ပြီး ကျန်ရှိနေသည့် အင်းဝခေတ်၊ တောင်ငူခေတ်၊ ဟံသာဝတီခေတ်၊ ကုန်းဘောင် ခေတ်များအပြင် သမိုင်းအစဉ်အလာရှိသည့် မွန်ရှေးဟောင်းယဉ်ကျေးမှု၊ ရခိုင် ရှေးဟောင်းယဉ်ကျေးမှု၊ တစ်တိုင်းပြည်လုံးတွင်ရှိသည့် တိုင်းရင်းသားများ၏ ရှေး ဟောင်းဆိုင်ရာ၊ သမိုင်းနှင့်အနုပညာဆိုင်ရာ ယဉ်ကျေးမှု၊ သမိုင်းဆိုင်ရာပုဂ္ဂိုလ်များ၏ သမိုင်းဝင်ပစ္စည်းများကိုလည်း ပြည့်ပြည့်စုံစုံ ခင်းကျင်းနိုင်ရန်လိုအပ်ပါကြောင်း။

ထို့ပြင် ခင်းကျင်းမှုစနစ်၊ ထိန်းသိမ်းမှုစနစ်မှန်ကန်သော ပြတိုက် တစ်ခုဖြစ်စေရန်  သမိုင်းဝင်ပစ္စည်းများ ပြသရာတွင် အသံထုတ်လွှင့်ပေးမှုစနစ်၊ မီးအလင်းရောင်ပေးမှု စနစ်နှင့် ခင်းကျင်းပြသထိန်းသိမ်းမှုစနစ်များကို နိုင်ငံတကာစံနှုန်းများနှင့်အညီ လျာထား စီမံသွားရန် လိုအပ်ပါကြောင်း၊    မကြာမီအတည်ပြုထွက်ပေါ်လာမည့် ရှေးဟောင်း ဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေများနှင့်အညီ၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ကြိုး စား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ က အမျိုးသားပြတိုက် (နေပြည်တော်) ဆိုင်ရာ အချက်အလက်များ၊ ရည်ရွယ်ချက်နှင့် ပြတိုက်တည်ဆောက် ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြတိုက်အတွင်း အလင်းအမှောင်စနစ်၊ အရုပ်၊ အသံ စနစ်တို့ဖြစ် စနစ်တကျ ခင်းကျင်းပြသထားမှု ဗီဒီယိုမှတ်တမ်းကို ပြသ သည်။

ယင်းနောက် ဒုတိယသမ္မတသည် ပြတိုက်အတွင်းရှိ နိုင်ငံတော်သမ္မတ၏ လက်ဆောင်ပစ္စည်းများပြခန်း၊ ပရိုင်းမိတ်နှင့်ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ သမိုင်းမတင်မီ ခေတ်ပြခန်း၊ မြန်မာ့ပန်းချီပြခန်း၊ မြန်မာ့အနုသုခုမပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ သမိုင်းတင်ခေတ်(အေဒီ ၁၁ မှ ၁၄ ရာစု) ပြခန်းများ၌ ခင်းကျင်းပြသထားမှု အခြေ အနေများကို လှည့်လည်ကြည့်ရှုသည်။

အမျိုးသားပြတိုက် (နေပြည်တော်)သည် ဥတ္တရသီရိမြို့နယ် ကုမုဒြာကြပန်းဝိုင်း အနီး ရာဇသင်္ဂဟလမ်းမကြီးအပေါ်တွင် တည်ရှိပြီး ၃၄ ဒသမ ၇၉ ဧက ကျယ်ဝန်းသည်။ အဆိုပါပြတိုက်တွင် အဆောင် (၅)ဆောင်ပါဝင်ပြီး ယနေ့တွင် အဆောင်(၂)ဆောင်ဖြစ် သည့် အဆောင် A နှင့် B ကို အောင်မြင်စွာဖွင့်လှစ်ပေးနိုင်ခဲ့သည်။ အဆောင် A တွင် နိုင်ငံတော်သမ္မတ၏ လက်ဆောင်ပစ္စည်းများပြခန်း၊ အဆောင် B တွင် ပရိုင်းမိတ်နှင့် ကျောက်ဖြစ် ရုပ်ကြွင်းပြခန်း၊ သမိုင်းမတင်မီခေတ်ပြခန်း၊ မြန်မာ့ပန်းချီပြခန်း၊ မြန်မာ့ အနုသုခုမပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ သမိုင်းတင်ခေတ်(အေဒီ ၁၁ မှ ၁၄ ရာစု) ပြခန်းများပါဝင်ပြီး ဇူလိုင် ၁၅ ရက်မှ ဩဂုတ် ၁၅ ရက်အထိ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုလေ့လာနိုင်ကြသည်။    

ပြတိုက်များ၏ သမိုင်းကြောင်းကိုပြန်ကြည့်လျှင် ၁၅ ရာစုခန့်က ပြတိုက်များသည် ရှေးဟောင်းပစ္စည်းများ၊ အလှအပပစ္စည်း၊ အဖိုးတန်ရတနာများအား စုဆောင်းပြသရာ နေရာတစ်ခုသာဖြစ်ခဲ့ပြီး (၁၇)ရာစုတွင်မူ ပြတိုက်များသည် လူတိုင်းအတွက် ပညာပေးရေးဗဟိုဌာနတစ်ခု ဖြစ်လာခဲ့သည်။ အယူအဆအသစ်နှင့်အတူ နိုင်ငံ အသီးသီးတွင် မိမိနိုင်ငံ၏ အခြေအနေအလိုက် ဒေသဆိုင်ရာ၊ အထိမ်း အမှတ်ဆိုင်ရာ၊ ဘာသာရပ်ဆိုင်ရာ ပြတိုက်များကို တည်ထောင်လာကြသည်ကို တွေ့ရသည်။ အမျိုးသားပြတိုက်၊ ယဉ်ကျေးမှုပြတိုက်၊ တပ်မတော်စစ်သမိုင်း ပြတိုက်၊ သမိုင်းပြတိုက်၊ သဘာဝသမိုင်းပြတိုက်၊ သိပ္ပံပညာရပ်ဆိုင်ရာပြတိုက် စသည့် ပြတိုက်ကြီးများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။